✨✨✨ ”ဓမ္မအလင်း”စာမျက်နှာသို့ ကြွရောက်လာသူအားလုံး ဘေးရန်ကင်းကွာ၍ ကျန်းမာချမ်းသာကြပါစေ။ ✨✨✨

၁) မာရ်နတ်အား အောင်မြင်တော်မူခြင်း။

ဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ နံနက်တွင် သုဇာတာ လှူဒါန်းသော နို့ဃာဆွမ်းကို လက်ခံပြီး၊ နေရဉ္ဖရာမြစ်ဆီသို့ ကြွတော်မူသည်။ ထိုမြစ်၏ တစ်နေရာ သုပ္ပတိဋ္ဌိတ ရေချိုးဆိပ်တွင် ရေချိုးတော်မူပြီး အေးမြသည့် သစ်ပင်ရင်းဝယ် ထိုင်တော်မူပြီး နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏခန့် (ထန်းသီးအစေ့) အရွယ် ၄၉ လုပ် ဘုဉ်းပေးတော်မူသည်။ ထို့နောက် ဆက်လက်ကြွတော်မူရာ မဟာဗောဓိရဲ့ အရှေ့ဖက် ပလ္လင်တော်ပေါက်ရာ နေရာသို့ ရောက်တဲ့အခါ “ဒီနေရာဟာ ရှေး ဘုရားရှင်တို့ ကိလေသာ ဖြိုဖျက်တော်မူရာ နေရာဖြစ်တယ်” လို့ သိတော်မူပြီး ပါလာတဲ့ မြက်ရှစ်ဆုပ်ကို အဖျားကကိုင်ကာ ကြဲဖြန့်လိုက်တာနဲ့ မြက်များကွယ်ပျောက်ပြီး ရတနာ ပလ္လင်တော်အသွင် ဖြစ်တည်ရှိခဲ့ပါတယ်။

ဘုရားအလောင်းတော်ဟာ မဟာဗောဓိပင်ကို နောက်ခံထားကာ အရှေ့ဖက်ကို မျက်နှာမူပြီး ရတနာပလ္လင်ပေါ်တွင် ထက်ဝယ်ဖွဲ့ ခွေထိုင်တော်မူကာ “ အရေ ကျန်လိုက ကျန်ပါစေ၊ အကြောကျန်လိုက ကျန်ပါစေ၊ အရိုးကျန်လိုက ကျန်ပါစေ၊ ငါတကိုယ်လုံး အသားသွေးတွေ ခမ်းခြောက်လိုက ခမ်းခြောက်ပါစေ ဘုရားမဖြစ်သမျှ ဒီနေရာက မထတော့ပြီ” လို့ အင်္ဂါလေးပါးရှိတဲ့ ဝိရိယတရားတို့ဖြင့် ထိုင်နေတော် မူပါတော့တယ်။ အဲဒီအခါမှာ သိကြားအစရှိတဲ့ နတ်ဗြဟ္မာများက ပူဇော်မှုအမျိုးမျိုးတို့ဖြင့် ပူဇော်ကြပါတယ်။

ထိုအခါ ဝဿဝတီနတ်ပြည်သား မာရ်နတ်ဟာ ဘုရားအလောင်းတော် နတ်စည်းစိမ်ကို စွန့်ပယ်ပြီးဒုက္ကစရိယာ စတင်ကျင့်စဉ်ကတည်းက ဘုရားအလောင်းတော်ရဲ့ စိတ်မှာ ဘယ်အခါ ကာမဝိတက်များ ဖြစ်မလဲဆိုတာ အပင်ပန်းခံကာ စောင့်ကြည့်နေခဲ့ပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူး။ “ဒီနေ့မှာတော့ ဘုရားအလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်ကို ရောက်ခဲ့ပြီ၊ ငါ့ရဲ့ ဘုံသုံးပါးဆိုတဲ့ နယ်ပယ်ကနေ ဘယ်နည်းနဲ့မှ အလွတ်မြောက် မခံနိင်ဘူး” လို့ တွေးကာ ဝဿဝတီနတ်ပြည်က သူ့အခြံအရံ နတ်သားများကို ခေါ်လာပြီး “အမောင်တို့…လက်နက်အမျိုးမျိုးယူပြီး ဘုရားအလောင်းတော်အား တိုက်ခိုက်ကြ” လို့ ပြောခဲ့သလို သူကိုယ်တိုင်ကလည်း ယူဇနာ ၁၅ဝ ရှိတဲ့ ဂီရိမေခလာ ဆင်ကိုစီးကာ လက်ရုံးတစ်ထောင်ကို ဖန်ဆင်းပြီး၊ လက်ရုံးတစ်ခုမှာ လက်နက်တစ်မျိုးဖြင့် ယူဆောင်လာခဲ့ပါတယ်။

ဒီအချိန်တုန်းက မာရ်နတ်စစ်တပ်ကြီးမှာ အလွန်များလှပါတယ်။ အရှေ့ဖက်က ၁၂ ယူဇနာ၊ လက်ဝဲ ဖက် ၁၂ ယူဇနာ၊ လက်ျာ ဖက် ၁၂ ယူဇနာ၊ အထက်ကို ၉ ယူဇနာအထုရှိ များပြားလှတဲ့ မာရ်နတ်စစ်သည်တို့ဖြင့် ကြောက်မက်ဖွယ်ရာ ပုံသဏ္ဌာန်များ ဖန်ဆင်းကာ ညာသံပေးပြီး ဘုရားလောင်းရှိရာ မဟာဗောဓိမဏ္ဍိုင်သို့ လာခဲ့ကြပါတယ်။ များပြားလှတဲ့ မာရ်နတ်စစ်သည်များ ချီတက်လာတဲ့အခါ ဘုရားအလောင်းအား ပူဇော်နေကြတဲ့ နတ်များအနက် သိကြားမင်းဟာ နေရာမှာ ရပ်တည်မနိုင်တော့ဘဲ ခရုသင်းကို ကျောမှာ ပိုးပြီး ပြေးလွှားကာ စင်္ကြဝဠာအနားရေးမှာ ရပ်နေရပါတယ်။ ဗြဟ္မာမင်းကတော့ ဒီနေရာမှာ မနေနိုင်တော့ဘဲ ထီးဖြူကို စင်္ကြဝဠာတိုက်စွန်းမှာ ပစ်ချခဲ့ကာ ဗြဟ္မာ့ပြည်ကို ပြန်သွားခဲ့ပါတယ်။ နောက်ဆုံး မဟာဗောဓိပင်အောက်မှာ ဘုရားအလောင်းတော် တစ်ပါးတည်းသာ ကျန်ခဲ့တော့တယ်။ မာရ်နတ်ကလည်း တိုက်ခိုက်ရန်အတွက် ရှေ့နောက်ဝဲယာမှ များပြားလှတဲ့ စစ်သည်များကို “ရဟန်းဂေါတမကို တိုက်ကြ” လို့ အမိန့်ပေးပါတယ်။ အဲဒီမှာ ဘုရားအလောင်းတော်ဟာ ဖြည့်ကျင့်လာခဲ့တဲ့ ပါရမီကုသိုလ်များကို ဆင်ခြင်စဉ်းစားနေပါတော့တယ်။ မာရ်နတ်များဟာ ဘယ်လောက်ပင် တိုက်ခိုက်ပါသော်လည်း ဘုရားအလောင်းတော်ရဲ့ ပါရမီကုသိုလ်တော်ကို မယှဉ်နိုင်တဲ့အတွက် တိုက်ခိုက်တိုင်း နောက်ပြန်ဆုတ်လာခဲ့ရပါတယ်။

မာရ်နတ်စစ်သည်တို့ ပြုလုပ်သမျှသော အရာမှန်သမျှကို ဘုရားအလောင်းတော်က မေတ္တာတော်အစွမ်းနဲ့ ပယ်ရှားတော်မူခဲ့ပါတယ်။ (မာရ်နတ်တိုက်ခိုက်ပုံ အကျယ်ကို မပြောတော့ပြီ) နောက်ဆုံးမှာ မာရ်နတ်အပေါင်းဟာ ဝဿဝတီနတ်ပြည်ကို ပြေးရပါလေတော့တယ်။ ဒါဟာ ဘုရားရှင်က ဝဿဝတီနတ်ပြည်သား မာရ်နတ်တို့ကို အောင်မြင်ပုံ၊ ပထမအောင်ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *