✨✨✨ ”ဓမ္မအလင်း”စာမျက်နှာသို့ ကြွရောက်လာသူအားလုံး ဘေးရန်ကင်းကွာ၍ ကျန်းမာချမ်းသာကြပါစေ။ ✨✨✨

ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာဿဒ်အဆောင်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါ နိဂဏ္ဍတက္ကတွန်းရဲ့သား သစ္စက ဆိုတဲ့ ပရိဗိုဇ်ဟာ ဝေသာလီပြည်မှာ နေပြီး၊ စကားပြိုင်ဆိုင်ပြီး ပြောဆိုတတ်တဲ့အလေ့ရှိတယ်၊ သူဟာ သူ့ကိုယ်သူ ပညာရှိ ဆိုပြီး ကြွေးကျော်ထားတဲ့အတွက် လူအများကလည်း သူ့ကို ပညာရှိ သူတော်ကောင်း ရယ်လို့ သတ်မှတ်ထားကြပါတယ်။ သစ္စကပရိဗိုဇ်က “ ငါ စကားပြိုင်ဆိုင်ပြောဆို အပြစ်တင်တဲ့အခါ စိတ်မရှိတဲ့ တုံးတိုင်များတောင်မှာ ယိမ်းယိုင်သွားရတယ်။ စိတ်ရှိတဲ့ လူအပေါင်း ဆိုရင် ပြောစရာမရှိတော့ဘူး” လို့ ကြွေးကျော် ပြောဆိုနေပါတယ်။

တစ်နေ့နံနက် အရှင်အဿဇိဟာ ဝေသာလီပြည်အတွင်း ဆွမ်းခံဝင်ပါတယ်။ ဒါကို သစ္စက ပရိဗိုဇ်က မြင်တယ်။ သူဟာ အရှင်အဿဇီ အနီးသွားကာ ဝမ်းမြောက်ဖွယ် နှုတ်ဆက်စကားဆိုပြီး “ အို….အဿဇိ… ရဟန်းဂေါတမဟာ တပည့်သာဝကတို့အပေါ် ဘယ်လို များ ဆုံးမထားပါသလဲ။ ဘယ်လို အစိတ်အပိုင်းမျိုးကို ညွန်ကြားထားပါသလဲ။” လို့ အရှင်အဿဇိအား မေးပါတယ်။ ထိုအခါ အရှင်အဿဇိက “ဘုရားရှင်က တပည့်သာဝကတို့အပေါ်မှာ ဆုံးမညွန်ကြားထားတဲ့တရာများ များစွာရှိပါတယ်။ ဘုရားရှင်က…. ရဟန်းတို့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်ဆိုတဲ့ တရားစုများဟာ အမြဲမရှိဘူး၊ ဒီခန္ဓာငါးပါးဟာ ကိုယ် အတ္တမဟုတ်ပါ။ အဲဒီလို ဘုရားရှင်က တပည့်သားသာဝကများအား ဆုံးမ ညွှန်ကြားထားပါတယ် “ လို့ သစ္စကအား ပြောပြတယ်။

သစ္စက “ အို…အဿဇိ ဒီစကားဟာ မတော်မလျော်ပါဘူး။ ရဟန်းဂေါတမက ဒီလိုပြောတယ်ဆိုတာ မသင့်လျော်ပါဘူး။ တစ်ချိန်ချိန်မှာ ရဟန်းဂေါတမနှင့် စကားပြိုင်ဆိုင်ပြောရရင်ကောင်းမယ်။ ဒါမှလည်း ရဟန်းဂေါတမဟာ ယုတ်ညံ့တဲ့ အယူဒိဋ္ဌိမှ ကင်းစင်နိုင်လိမ့်မယ်။” ဆိုပြီး သူ့ကိုယ်သူ ပညာရှိသူတော်ကောင်းဟန်ဖြင့် အပြစ်တင်စကားဆိုခဲ့ပါတယ်။

အဲဒီအခါမှာ လစ္ဆဝီမင်း ငါးရာတို့ဟာ စည်းဝေးပွဲတစ်ခု ကျင်းပနေပါတယ်။ သစ္စကဟာ စည်းဝေးပွဲအနီး ချည်းကပ်ပြီး “အို… လစ္ဆဝီမင်းတို့ ထွက်လာခဲ့ကြ။ ဒီနေ့ ငါဟာ ရဟန်းဂေါတမနဲ့ စကားပြိုင်ဆိုင် ပြောဆိုဖို့ ရှိတယ်။ စကားပြိုင်မဲ့ နေရာကို ငါနဲ့အတူ သွားကြစို့ရဲ့” လို့ဆိုပြီး ပြောဆိုစည်းရုံးပါတယ်။ အချို့ လစ္ဆဝီမင်းများက “ သစ္စကဟာ ရဟန်းဂေါတမကို စကားပြိုင်ဆိုင် ပြောဆိုနိုင်လိမ့်မယ်” လို့ ပြောနေကြသလို အချို့လစ္ဆဝီမင်းများက “ ဘုရားရှင်ကို စကားပြိုင်ပြောဆိုနိုင်လောက်အောင် သစ္စက က ဘယ်လိုလူစားမျိုးလဲ။ ဘုရားရှင်ကသာ သစ္စကအား စကားပြောဆိုပြိုင်နိုင်ပါလိမ့်မယ်။” လို့ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ်။

သို့နှင့် သစ္စကပရိဗိုဇ်ဟာ လစ္ဆဝီမင်း ငါးရာ ခြံရံပြီး မဟာဝုန်တော ပြာဿဒ်ကျောင်းအနီးသို့ လာခဲ့ကြပါတယ်။ ကျောင်းအနီး ရောက်တယ်ဆိုရင်ပဲ ဘုရားရှင်ရှိရာသို့ သွားကာ သင့်တင့်တဲ့ နေရာမှာ ထိုင်ပြီး ဘုရာရှင်အား ဝမ်းမြောက်စရာစကားများ ပြောဆိုပါတယ်။ သစ္စကပရိဗိုဇ်က “အရှင်ဂေါတမ… တကယ်လို့ ပြဿနာများကို မေးခွင့်ပြုမယ်ဆိုပါရင် တစ်စုံတစ်ခုသော ပြဿနာကို မေးမြန်းလျှောက်ထားလိုပါတယ်။” လို့ ဘုရားရှင်အား လျှောက်တဲ့အခါ ဘုရားရှင်က “ သင်မေးလိုက မေးနိုင်ပါတယ်” လို့ မိန့်တော်မူပါတယ်။

ထိုအခါ သစ္စကက “ အရှင်ဂေါတမ….. အရှင်ဂေါတမရဲ့ တပည့်များကို ဘယ်လို ဆုံးမ ညွှန်ကြားတော်မူပါသလဲဘုရား” ။ ဘုရားရှင် “ အဂ္ဂိဝေဿန…. လောကမှာ ရုပ်တရားဟာ အမြဲမရှိသလို အတ္တလည်းမဟုတ်ပါ။ ထို့အတူ ခံစားမှုဝေဒနာ၊ မှတ်သားမှု သညာ၊ ပြုပြင်စီရင်မှု သင်္ခါရ၊ သိမှု ဝိဉာဏ်တို့လည်း အမြဲမရှိ၊ အတ္တလည်း မဟုတ်ပါ” လို့ ဆုံးမညွန်ကြားပါတယ်။

သစ္စက “ အရှင်ဂေါတမ….အရှင်ပြောတာနဲ့ပတ်သက်ပြီး ကျွန်ပ် ဥပမာတစ်ခုထင်လာပါတယ်”

ဘုရားရှင် “ ပြောနိုင်ပါတယ် အဂ္ဂိဝေဿန”။

သစ္စက “ ဥပမာ… မျိုးစေ့နဲ့ သစ်ပင်အားလုံးဟာ မြေကြီးကို အမှီပြုပြီး တိုးပွား၊ စည်ပင်၊ ပြန့်ပြောကြရတယ်။ ထို့အတူ လောကမှာ ရုပ်ကို ‘ကိုယ်’ လို့ အယူရှိကြတဲ့သူများဟာ ရုပ်မှာ တည်ပြီး ကုသိုလ်/ အကုသိုလ် ဖြစ်ကြပါတယ်။ ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်တို့ကို ‘ကိုယ်’ လို့ အယူရှိကြတဲ့ သူများဟာ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်တို့မှာ တည်ပြီး ကုသိုလ် /အကုသိုလ် ဖြစ်ကြပါတယ်”။

ဘုရားရှင် “ အဂ္ဂိဝေဿန…သင်က ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်တို့ကို အတ္တ လို့ဆိုလိုတာလား၊ ရှင်းရှင်းပြောပါ”။

သစ္စက “ ဟုတ်ပါတယ်၊ ကျွန်ပ်သာမဟုတ်၊ လောကလူအများဟာလည်း ဒီလိုပဲ အတ္တ လို့ အယူရှိကြပါတယ်”

ဘုရားရှင် “ အဂ္ဂိဝေဿန…. ဒီကိစ္စမှာ လူအများနဲ့ ဘာမှမဆိုင်ဘူး၊ လူအများကို ဆွဲမထည့်ပါနဲ့၊ ကိုယ့်ဝါဒကိုသာ ကိုယ် ဖြေရှင်းရမယ်”

သစ္စက “ အရှင်ဂေါတမ…ဒီလိုဆိုလဲ ကောင်းပါပြီ၊ ခန္ဓာငါးပါးဟာ အတ္တ ဆိုတာ ကျွန်ပ်ရဲ့ အယူဝါဒပါ”။

ဘုရားရှင် “ ကောင်းပြီ…ဒါဆိုရင် သင့်ကိုမေးမယ်။ သင် အဆင်ပြေသလို ဖြေနိုင်တယ်။ ကောသလမင်း၊ အဇာတသတ်မင်းစတဲ့ အစိုးရမင်းများဟာ သတ်ဖြတ်သင့်တဲ့သူများကို သတ်ဖြတ်ဖို့၊ ဥစ္စာဆုံးရှုံးထိုက်တဲ့သူများကို ဥစ္စာများဆုံးရှုံးစေဖို့၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်ဖို့အတွက် မိမိနိုင်ငံမှာ မိမိ အမိန့်အာဏာနဲ့ စီရင်ပိုင်ခွင့် မရှိဘူးလား”။

သစ္စက “ အရှင်ဂေါတမ….အစိုးရမင်းများဟာ မိမိနိုင်ငံမှာ မိမိစီရင်ပိုင်ခွင့် အာဏာရှိကြပါတယ်” ။

ဘုရားရှင် “ အဂ္ဂိဝေဿန… ဒါဆို ငါမေးမယ်၊ ရုပ်တရားဟာ ‘အတ္တ’ လို့သင်ဆိုတယ်။ ဒါဆိုရင် ဒီရုပ်တရားကို ဒီလိုဖြစ်ပါစေ။ ဟိုလို မဖြစ်ပါစေနဲ့လို့ အမိန့် အာဏာထားနိုင်ပါသလား” လို့ မေးသောအခါ သစ္စကပရိပိုဇ်ဟာ ဘာမှ မဖြေနိုင်ဘဲ ဆိတ်ဆိတ်ပဲ နေလိုက်တော့ တယ်။ ဒုတိယအကြိမ် ထပ်မံမေးပြန်တော့လည်း ဘာမှမပြောနိုင်ရှာတော့ပါ။ သစ္စကဟာ ဒီလို ပြန်မဖြေဘဲ ဆိတ်ဆိတ်နေတဲ့အတွက် ဘုရားရှင်က “ အဂ္ဂိဝေဿန…. ငါဘုရားမေးတာကို ဖြေလိုက်ပါ။ ဆိတ်ဆိတ်မနေပါနဲ့။ တကယ်လို့ ငါဘုရားက သုံးကြိမ်မေးလို့မှ ပြန်မဖြေဘဲ ဆိတ်ဆိတ်နေတဲ့သူဟာ နေရာတင်ပဲ ဦးခေါင်း ခုနှစ်စိတ်ကွဲ ရလိမ့်မယ်” လို့ မိန့်တော်မူလိုက်ပါတယ်။

ထိုခဏမှာပဲ သိကြားမင်းဟာ ရဲရဲပြောင်ပြောင် တောက်လောင်နေတဲ့ ဝရဇိန်လက်နက်ကို ကိုင်ဆောင်ကာ ကြောက်မက်ဖွယ် ဘီလူးအသွင်နဲ့ သစ္စကတို့နှင့် မနီးမဝေးကောင်းကင်ပေါ်မှာ ရပ်တည်နေပါတယ်။ ထိုအခြင်းအရာကို ဘုရားရှင်နဲ့ သစ္စကတို့ နှစ်ဦးသာ မြင်ပါ တယ်။ သစ္စကဟာ ဘီလူးကြီးကို မြင်လိုက်တယ်ဆိုရင်ပဲ ကြောက်ရွံ့ပြီး “ အရှင်ဂေါတမ…မေးပါ၊ အခုပဲဖြေပါ့မယ်” လို့ လျှောက်ထားပါ တယ်။

“ အဂ္ဂိဝေဿန…ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်တို့ဟာ အတ္တဖြစ်တယ်လို့ သင်ကဆိုတားတာနော်။ တကယ်လို့ အတ္တ ဖြစ်တယ်ဆိုရင် ဒီခန္ဓာငါးပါးဟာ ဒီလိုတော့ ဖြစ်ပါစေ။ ဒီလိုတော့ မဖြစ်ပါစေနဲ့လို့ သင်အာဏာထားနိုင်သလား။ စေခိုင်းနိုင်ပါသလား” လို့ ဘုရားရှင်က မိန့်သောအခါ သစ္စက က “ အရှင်ဂေါတမ….အာဏာမထားနိုင်ပါ။ မစေခိုင်းနိုင်ပါ” လို့ ပြန်ဖြေပါတယ်။ “အဂ္ဂိဝေဿန…သင်စဉ်းစားဖြေနော် သင်ပြောတဲ့စကားဟာ ရှေ့စကားနဲ့ နောက်စကား မညီဘူး ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ နောက်တစ်ခုမေးဦးမယ်။ အဂ္ဂိဝေဿန….ခန္ဓာငါးပါးဟာ မြဲသလား မမြဲဘူးလား” ။ “ အရှင်ဂေါတမ…ခန္ဓာငါးပါးဟာ မမြဲပါ” ။ “ အဂ္ဂိဝေဿန..ဒါဆိုရင် မမြဲတဲ့တရားဟာ ဆင်းရဲလား၊ ချမ်းသာလား” ဆိုတော့ သစ္စကက ဆင်းရဲတယ် လို့ဖြေပါတယ်။ “အဂ္ဂဝေဿန…မမြဲ၊ ဆင်းရဲ၊ အစိုးမရတဲ့ ဒီခန္ဓာငါးပါးကို ငါပိုင်တယ်၊ ငါ ဖြစ်တယ်၊ ငါရဲ့ အတ္တ ဆိုပြီး နှလုံးသွင်းလို့ သင့်တော်ပါ့မလား” လို့ မေးတော်မူတော့ “ အရှင်ဂေါတမ …မသင့်တော်ပါ” လို့ ပြန်ဖြေတယ်။ “အဂ္ဂိဝေဿန…. ဆင်းရဲဒုက္ခကို တွယ်တာကပ်ငြိနေသူအား ဒီဆင်းရဲဟာ ငါပိုင်ဖြစ်တယ်၊ ဆင်းရဲဟာ ငါပဲ၊ ဆင်းရဲဟာ ကိုယ် အတ္တ ပဲ ဆိုပြီး ဆင်းရဲကို ရှုရာရောက် မနေဘူးလား” ။ “ အရှင်ဂေါတမ….ရှုရာရောက်နေပါတယ်” ။ “ အဂ္ဂိဝေဿန…..ဒါဆိုရင် ငါ ဥပမာတစ်ခုပေးမယ်၊ ငှက်ပျောတုန်းကို ဖြတ်ပြီး ယူလာတဲ့သူဟာ ဒီငှက်ပျော်တုန်းရဲ့ အပတ်ကိုခွာပြီး လွင့်ပြစ်လိုက်မယ်ဆိုရင် ထိုသူဟာ အကာကို မရနိုင်တော့၊ ငှက်ပျောတုန်းဖြစ်နေတဲ့အတွက် အနှစ်ကား ဘယ်မှာ ရနိုင်ပါတော့လဲ။ ထို့အတူ သင်ဟာလည်း ဝါဒပြိုင်တဲ့အခါ အပြန်အလှန်မေးမြန်းတဲ့အခါ သင်ဟာ အနှစ်တုံးပြီး ကျဆုံးသူသာ ဖြစ်တယ်” လို့ ဘုရားရှင်က မိန့်တော်မူသောအခါ…. သစ္စကဟာ မျက်နှာမသာမယာဖြင့် လက်မှိုင်ချကာ ခေါင်းအောက်စိုက်ချလျက် ကြံရာမရ ဖြစ်နေပါတော့တယ်။

ထိုအခြေအနေကို သိတဲ့ ဒုမ္မုခလစ္ဆဝီမင်းက “ အရှင်ဘုရား… ရွာသူများဟာ ရေကန်ထဲမှ ဂဏန်းများကို ဖမ်းပြီး ခြေလက်တို့ကို ဖြတ်လိုက်ပါတယ်။ ထိုလက်ခြေတို့ကို အဖြတ်ခံရတဲ့ ဂဏန်းများဟာ ရေကန်ထဲသို့ တစ်ဖန်ပြန်ဆင်းဖို့ရာ မဖြစ်နိုင်တော့သလို သစ္စကဟာလည်း အယူဝါဒ ခြေချောင်းလက်ချောင်းတွေကို အဖြတ်ခံလိုက်ရတဲ့အတွက် ဘုရားရှင်အား အယူဝါဒမှာ အပြစ်တင်ရန် နောက်တစ်ခါ မဖြစ်နိုင်တော့ပါ” လို့ လျှောက်ထားပြောဆိုလေတော့တယ်။ ဒါဟာ မြတ်စွာဘုရားရှင်က သစ္စက ပရိဗိုဇ်အား ပညာဖြင့် အောင်နိုင်လိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *