✨✨✨ ”ဓမ္မအလင်း”စာမျက်နှာသို့ ကြွရောက်လာသူအားလုံး ဘေးရန်ကင်းကွာ၍ ကျန်းမာချမ်းသာကြပါစေ။ ✨✨✨

နန္ဒောပနန္ဒ နဂါးမင်းအား အောင်မြင်တော်မူခြင်း

အခါတစ်ပါး ဘုရားရှင်ဟာ နံနက်မိုးသောက် လင်းခါနီးအချိန်မှာ လောကဓာတ်တစ်ခွင်ကို ကြည့်ရှုတော်မူတဲ့အခါ နန္ဒောပနန္ဒနဂါးမင်းကို မြင်ပါတယ်။ နဂါးမင်းရဲ့ ရှေးကုသိုလ် ဥပနိဿယ ရှိ/မရှိ ကြည့်တော်မူတဲ့အခါ နဂါးမင်းဟာ ရတနာသုံးပါးကို ကြည်ညိုမှု မရှိ၊ မိစ္တာအယူရှိတာကို မြင်တော်မူတယ်။ ဒီမိစ္တာအယူကို ဘယ်သူ ချေချွတ်နိုင်မလဲလို့ ဆင်ခြင်ကြည့်တဲ့အခါ အရှင်မဟာမောဂ္ဂလန်ကို မြင်တော်မူပါတယ်။ သို့နှင့်နံနက်စောစောအချိန်ရောက်တော့ ကိုယ်လက်သုတ်သင်တော်မူပြီး “ချစ်သားအာနန္ဒာ…ငါဘုရား တာဝတိံသာနတ်ပြည်ကို သွားမယ်၊ ရဟန်းတော် ငါးရာကို ပြောကြားထားပေးပါ” လို့ အာနန္ဒာအား စေခိုင်းလိုက်ပါတယ်။

ထိုနေ့မှာ နတ်နဂါးများက နန္ဒောပနန္ဒနဂါးမင်းရဲ့ သေသောက်ပွဲသဘင် (အရက်သောက်ပွဲသဘင်) ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က နဂါးမင်း မြင်သာအောင်ဆိုပြီး သူ့ရဲ့ ဗိမာန်အထက် ကောင်းကင်ခရီးမှ ကြွတော်မူကြတယ်။ ထိုခြင်းအရာကို မိစ္ဆာအယူရှိတဲ့ နဂါးမင်းက မြင်တော့ “ဦးပြည်းကတုံး ရဟန်းယုတ်တွေဟာ ငါ့ ဦးခေါင်းပေါ်ကနေ တာဝတိံသာကို အဝင်အထွက် လုပ်နေကြတယ်။ ငါ့အပေါ်လည်း ခြေမှုန့်တွေ ကျတယ်။ ဒီနေ့ကစ ဒီဦးပြည်းတွေကို သွားခွင့်မပေးတော့ဘူး” လို့ ကြုံးဝါးကာ နဂါးမင်းရဲ့ မူလကိုယ်အသွင်ကို စွန့်၍ ကြီးမားလှတဲ့ ခန္ဓာကိုယ်အဖြစ် ဖန်တီးပြီး မြင်းမိုရ်တောင်ကို သူ့ကိုယ်နဲ့ ခုနှစ်ပတ်ပတ်ကာ ပါးပျဉ်းကြီးနဲ့ တာဝတိံသာကို မမြင်ရအောင် ဖုံးအုပ်ထားပါတယ်။

ထိုအခါ အရှင်ရဋ္ဌပါလက ဘုရားအား “မြတ်စွာဘုရား…..အရင်က ဒီအရပ်ကို ရောက်တဲ့အခါ မြင်းမိုရ်တောင်၊ တောင်ရံခုနှစ်လုံး၊ တာဝတိံသာနတ်ပြည်၊ သိကြားမင်းရဲ့ ဝေဇယန္တာပြာဿဒ်၊ ထိုပြာဿဒ်အထက်မှာ အလံကို စိုက်ထူထားပါတယ်။ အခုတော့ ဒါတွေအား မမြင်ရဘူးဘုရား၊ ဒါတွေ မမြင်ရတဲ့အကြောင်းက ဘယ်လိုပါလဲဘုရား” လို့ မေးလျှောက်သောအခါ ဘုရားရှင်က…. “ရဋ္ဌပါလ……ငါဘုရားတို့ ဒါတွေကို မမြင်ရတာက နန္ဒောပနန္ဒနဂါးမင်း ငါတို့အပေါ် ဒေါသထွက်ပြီး သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ တာဝတိံသာနတ်ပြည်ကို မိုးအုပ်ထားလို့ မမြင်တာဖြစ်တယ်” လို့ မိန့်တော်မူတဲ့အခါ… အရှင်ရဋ္ဌပါလက ဒီနဂါးမင်းကို သူဆုံးမပါရစေလို့ ခွင့်တောင်းပါတယ်။ ဘုရားရှင်က ဆုံးမခွင့် မပြုဘူး၊ နောက် အရှင်ဘဒ္ဒိယ၊ အရှင်ရာဟုလာစတဲ့ အစဉ်အတိုင်း ခွင့်တောင်းသော်လည်း ခွင့်မပြုခဲပါဘူး။ နောက်ဆုံး အရှင်မဟာမောဂ္ဂလန်မထေရ် လျှောက်ထားချိန်မှာ ခွင့်ပြုတော်မူပါတယ်။

အရှင်မဟာမေဂ္ဂလန်ဟာ မူလကိုယ်အသွင်ကို စွန့်ပြီး နဂါးမင်းအသွင် ဖန်ဆင်းကာ နန္ဒောပနန္ဒနဂါးမင်းရဲ့ ခန္ဓာကိုယ်အပြင်ဖက်ကနေ တစ်ဆယ့်လေးပတ် ရစ်ပတ်ကာ မြင်းမိုရ်တောင်ကြီးဖြင့် ဖိကြိတ်ပါတော့တယ်။ အဲဒီအခါ နန္ဒောပနန္ဒနဂါးမင်းက ပါးစပ်ကနေ အခိုးမှုတ် လွှတ်ပါတယ်။ အရှင်မဟာမောဂ္ဂလန်ကလည်း နဂါးမင်းထက် အဆပေါင်းများစွာသာတဲ့ အခိုးလွှတ်လိုက်တဲ့အတွက် နဂါးမင်းရဲ့အခိုးက အရှင်မောဂ္ဂလန်ကို မနှိပ်စက်နိုင်ခဲ့ပါဘူး။ နောက် နဂါးမင်းက မီးလျှံကို လွှတ်တဲ့အခါ မထေရ်မြတ်က ထိုထက်သာတဲ့ မီးလျှံကို လွှတ်လိုက်တဲ့အတွက် မထေရ်မြတ်ကို နဂါးမင်းရဲ့ မီးလျှံက မနှိပ်စက်နိုင်ခဲ့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *